မိုး


ချစ်သူရေ
ဟောဒီ ကောင်ကင်တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။

ကိုရွှေမုတ်သုန်လေက
သူခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့် ဝင်တိုက်တယ်။

အိုးကြီးလဲဗိုက်ပွင့် ကွဲကြေ
သေပါလေရော။

အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။

ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလဲ
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။

အို ချစ်သူရေ
ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ

လာ ရဲရဲလာ
ထီးရွက်တွေမပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။

ငါတို့ရဲ့ မိုး
ဂျိုးဂျိုးဂျိမ့်ဂျိမ့် လှပ
ရှိုတ်ကြီးတငင်ငင် ရွာချပါစေလားကွယ်။

နိုဝင်ဘာ (တာရာမင်းဝေ)


ငါရဲ့ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိတ် ဝတ်ဆင်ထားတဲ့ မိန်းမ။
မြူခိုးနီညိုတွေကြားမှာ
စံပယ်တွေ ကပိုကရိုနဲ့ ...လှလို့။
ငါ...တစ်ပွင့်ပြီး တစ်ပွင့်ပြိုလဲ
နှင်းအဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့။

တေလေကလေး(တာရာမင်းဝေ)


မီးပွိုင့်တွေက
အနီလှိုင်းတွေနဲ့
လွှင့်ထုတ်ပစ်ခတ်ကြတယ်။
လူမိုက်လိုလို
စောင်းနေတဲ့ ဓါတ်တိုင်အိုကြီးက
ကျွန်တော့်ကို ဝင်တိုက်ပြန်ရဲ့
ထင်းရှုးပင်ကြီးက
ရှည်လျှားခွန်မြတဲ့ သစ်ရွက်တွေ ကွေးကုပ်
ကျွန်တော့ကို လေနဲ့ လိုက်မှုတ်တယ်။
ကျွန်တော်
ကိုယ်နဲ့မတော်တဲ့ ဖိနပ်ကိုစီးပြီး
လမ်းအကြီးကြီးမှာ လျှောက်မိနေချိန်ပေါ့။
တိုက်တာတွေ ဖောင်းကားပျော့ အိ
ဓါတ်ပေါင်းဖိုတွေလည်း
မိုးခိုးငွေ့တွေပိပြီး ကွေးညွတ်ခွေယိုင်ကျ
မြေကြီးထဲက
မိုးခြိန်းသံ တရှဲရှဲ ကြားရတယ်။
တကယ့်ကို ကြောက်စရာပါအမေ
အဲဒီညက
အိပ်မက်နည်းနည်း ရှည်သွားတယ်။

ဗဟိုကွဲအား (တာရာမင်းဝေ)


ဆောင်းခေတ်ကပေးခဲ့တဲ့
မောင်းကွဲသံ ခပ်လေးလေး တစ်ချက်ပါပ။ဲ
တစ်ယာက်တည်းနေရတဲ့ ငါ့ကို
ဘယ်သူနဲ့မှမနေရအောင်
ယိုင်ယိုင်ရွဲ့ရွဲ့ လှီးခွဲသွား....။

နံပါတ်စဉ် မတပ်ရသေးတဲ့
သဲကန္တာရ စာရွက်တစ်ရွက်ပေါ်မှာလဲကျတယ်။

အဲဒီညနေပေါ့
ကောင်းကင်ကို ဆွဲချွတ်ပြီး
မြေကြီးကိုပဲ ငါပြန်ဝတ်ခဲ့ရ။

ပြီးဆုံးသွားတာ သေချာပါတယ်
နှင်းခိုးတွေ...
ပြီးတော့ ဒိုင်ယာရီချို ခါးတစ်ခွက်
ပြီးဆုံးသွားတာက သေချာပါတယ်။

မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေ
ပန်းရနံတွေကလည်း ခပ်မြင့်မြင့်ကနေပျံသန်း
ငါနဲ့ ငါ့ရဲ့ဖိနပ်လေး
သီချင်းမဆိုတော့ဘဲ ဟိုးအဝေးကို ငေးခဲ့ရတယ်။