ကြွေကျသွားတဲ့အိပ်မက်

နင့်အသံနဲ့ သံစဉ်တစ်စင်းက
ငါ့ရင်မှာစီးမျောရင်း
 ဒဏ်ရာရနေခဲ့တယ်။
 မြစ်နှစ်စင်းဖြစ်
တို့ တွေစီးဆင်းကြတဲ့ခါ ...
 မဆုံနိုင်တဲ့ မျဉ်းပြိုင်လိုပဲ
ဘယ်လောက်ထိ..
 သက်ဆင်းနေကြမယ်ဆိုတာ 
နင်နဲ့ ငါပဲ သိမယ်ထင်တယ်။
 နင့်နာမည်နဲ့ လတစ်စင်းဟာ
 ငါ့ရင်မှာ ...
ထွန်းလင်းရင်း ကြေကွဲနေခဲ့တယ်။ 
ငါတို့ ရဲ့  ဆွတ်ခူးရာသီကို မျှော်မိတဲ့ခါ 
ခါးသက်တဲ့ မနက်ဖြန်လိုပဲ
ဘယ်လောက်ထိ ..
ပုပ်အက်နေကြမယ်ဆိုတာ
 နင်နဲ့ ငါပဲ သိမယ်ထင်တယ်။
 ခုတော့...... 

အလွမ်းတွေသာ မျက်ဝန်းမှာလျှံကျ
 စိုက်ပျိုးဆဲအနာဂတ်မှာတင်ပဲ
 ငါတို့ ရဲ့  အိပ်မက်တွေလည်း
 ကြွေကျသွားခဲ့ပေါ့။ 

 ဧပရယ်ဆွေဆွေ

အူနေတဲ့ရင်

အရိပ်တွေကို 
တဖွဖွပွတ်သပ်ကြည့်မိတော့ 
ပိုက်ကွန်ထဲက ငှက်ငယ်လို 
ထ ထခုန်နေတာကလွဲပြီး (တခြား)
ဘာမှထွက်မလာဘူး။
 အတိတ်တွေကို 
တစစ လှစ်ဟကြည့်မိတော့
 ပြဒါးပြယ်မှန်တစ်ချပ်လို
 ထ ထအက်တာကလွဲပြီး (တခြား)
ဘာမှထွက်မလာဘူး၊ 
 အချစ်တွေကို 
တသသ ဖွင့်ကာကြည့်မိတော့
 မီးအုံးတဲ့ ထင်းစိုတစ်စလို
 ထ ထအူတာကလွဲပြီး (တခြား)
ဘာမှထွက်မလာဘူး။ 

  ဧပရယ်ဆွေဆွေ

ကြယ်တစ်စင်းရဲ့သားတော်



အမေ.....
ကြေကွဲမှုတွေနဲ့
အမေ့မျက်လုံးတွေ....
မျှော်လင့်ချက်တွေပါးနေ
ဇရာနဲ့အမေအကြွမ်းဝင်ခဲ့ပြီလေ..။

အမေ....
ဘဝတစ်ခုလုံးလောင်းကြေးထပ်ခဲ့ရတဲ့
အမေ့မျှော်လင့်ချက်အိပ်မက်ဆိုတဲ့အရာ
သားကိုယ်တိုင်ဆိုတာ
ကျွန်တော်နောက်ကျစွာသိခဲ့ရတယ်...။

အမေ...
အရွယ်မရောက်ခင်ကပေါ့
လောကဓံဆိုတဲ့လှိုင်းတံပိုးတွေ
ကျွန်တော်ကိုဝင်မတိုးခဲ့တာ
သားအရှေ့မှာအမေဝင်ကာခဲ့လို့ဆိုတာ
ကျွန်တော်မိုက်မဲစွာမသိခဲ့ပါ အမေ..။
အမေ...
အနောက်တောင်မှာ
တိမ်ညိုတွေပြိုဆင်းတိုင်း
တိတ်ဆိတ်တဲ့ငိုကြွေးခြင်းများအကြောင်း
ကျွန်တော်စာလုံးပေါင်းတက်ခဲ့ပါပြီ...။
အမေ...
''အမေ့ဘဝ နေညိုပြီ''
အမေပြောတက်တဲ့စကား
သားရင်မှာအထပ်ထပ်ကြားနေဆဲပါ အမေ..။
အမေ..
တကယ်တော့...
အမေဟာ'နေ'လို 'လ'လို
ကျွန်တော်ဘဝအတွက်အလင်းရောင်ကို
နွေးလိုက်၊အေးလိုက် ပေးတက်သူ
သားဘဝရဲ့ အလင်းလက်ဆုံး
ကြယ်စင်တစ်လုံးပါအမေ..။

             ကိုကိုခန့်ချော